ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပေါင်မြို့နယ် ညောင်ကုန်းစုကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး

Date : 03 November 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ညောင်ကုန်းစုကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌ထားရှိမှုကို တာဝန်ရှိသူများက အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ် နှင့် တာဝန်ရှိသူများသည် ညောင်ကုန်းစုကျေးရွာ ကျေးရွာဖွံ့ဖြိုး တိုးတက်‌ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းလမ်းအရှည် ၅၇၇ ပေ လမ်းအကျယ် ၁၂ ပေ  လမ်းအမြင့် ၆ လက်မ၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ခရိုင်ဦးစီးမှူးက ကျေးရွာသူ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်း ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာ ပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် စက်တင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ညောင်ကုန်းစုကျေးရွာရှိ အိမ်ခြေ ၁၂၉ အိမ်၊ လူ ၉၄၄ ဦးအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေးသွားလာ နိုင်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း ပေါင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။