ပေါင်မြို့နယ် သဲကုန်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး
Date : 03 November 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် သဲကုန်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထား ရှိမှုကို တာဝန်ရှိသူများက အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ် နှင့် တာဝန်ရှိသူများသည် သဲကုန်းကျေးရွာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းလမ်းအရှည် ၇၆၅ ပေ လမ်းအကျယ် ၁၁ ပေ ၉လက်မ လမ်းအမြင့် ၆ လက်မ၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်ဦးစီးမှူးက ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေးစနစ်တကျ ဝိုင်းဝန်းထိန်းသိမ်း ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာ ပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် စက်တင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ သဲကုန်းကျေးရွာရှိ အိမ်ခြေ ၉၂၂ အိမ်၊ လူ ၆၀၃၆ ဦးအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေးသွားလာ နိုင်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။