ပေါင်မြို့နယ် ရင်းငြိမ်(တောင်)ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု စစ်ဆေး
Date : 03 November 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရင်းငြိမ်(တောင်)ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများက အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံ၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ် နှင့် တာဝန်ရှိသူများသည် ရင်းငြိမ်(တောင်)ကျေးရွာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းလမ်းအရှည် ၄၄၀ ပေ လမ်းအကျယ် ၁၄ ပေ လမ်းအမြင့် ၈ လက်မ၊ ၉၂ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၆ လက်မ၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ခရိုင်ဦးစီးမှူးက ကျေးရွာသူကျေးရွာသား များနှင့်တွေ့ဆုံ၍ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြု နိုင်ရေးစနစ်တကျ ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှု၊ နည်းပညာ ပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် စက်တင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ရင်းငြိမ်(တောင်)ကျေးရွာရှိ အိမ်ခြေ ၂၉၂ အိမ်၊ လူ ၁၉၀၀ ဦးအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများ ဆောင်ရွက်ရာ၌ ရာသီမရွေးသွားလာ နိုင်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း ပေါင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။