ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ပေါင်မြို့နယ်၌ VDP စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းဖွင့်လှစ်

Date : 25 August 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းကော်မတီဝင်များ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP) သင်တန်း ဖွင့်ပွဲကို (၁၉.၈.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။

ဆက်လက်၍ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖူးပွင့်ခိုင်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊ လူထုဗဟိုပြုလူမှုစီးပွားဘဝဆန်းစစ်ခြင်း လုပ်ငန်းစဉ်များ ကျေးရွာ၏လူမှုဖွံ့ဖြိုးရေး အချက်အလက်များကို ပြောကြားသည်။

အဆိုပါသင်တန်းကို ရင်းငြိမ်(တောင်)၊ မြလေးချောင်၊ သာယာကုန်း၊ သဲကုန်း၊ အလှပ်-တောင်ပိုင်းနှင့် ညောင်ကုန်းစုကျေးရွာတို့မှ ကော်မတီဝင် (၂၄)ဦး တက်ရောက်ကြပြီး သင်တန်းတွင် သင်တန်းနည်းပြများက ရန်ပုံငွေသုံးစွဲရေးအစီအစဉ် (AVIP) သင်ခန်းစာများကို ယနေ့မှ ဩဂုတ် ၂၁ ရက်ထိ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။