စဉ့်ကူးမြို့နယ်တွင် VDP စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်
Date : 13 October 2022
စဉ့်ကူး အောက်တိုဘာ ၁၂ (ရတနာပုံ)
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်ကိုင်း(တ)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းကို အောက်တိုဘာ (၁၁) ရက် နံနက် (၉) နာရီက အဆိုပါကျေးရွာဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက အမှာစကားပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းသည်။
ဆက်လက်၍ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် စီမံကိန်းတာဝန်ခံများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်ကြသော ကျေးရွာသူ၊ ကျေးရွာသားများက မိမိတို့ကျေးရွာအလိုက် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ကော်မတီဝင်များကို တစ်ဦးချင်းမဲပေး၍ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ကိုင်း(တ)ကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာ (၁) ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း းရန်ပုံငွေ ကျပ်သိန်း (၁၀၀) မတည်၍ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအား ထည့်ဝင်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်များပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာများ ပံ့ပိုးကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)