စဉ့်ကူးမြို့နယ်တွင် VDP စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်
Date : 10 October 2022
စဉ့်ကူး နိုဝင်ဘာ ၉ (ရတနာပုံ)
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထုံးကြီးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် (၉) နာရီက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်အောင်စိုးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းလုပ်ငန်းစဉ်များ၊ စီမံကိန်းမူဘောင်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများက ဦးစားပေးဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များ ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထုံးကြီးကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း (၁၀၀)၊ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအား ထည့်ဝင်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ကျေးရွာ၏ အဓိကလိုအပ်ချက်များပါဝင်သော ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲပြီး စီမံချက်ပါ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)