ဘာသာစကား :  

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

 

နိဒါန်း

၁။  ၂၀၁၄ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့သည့် ကျေးလက်ဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်(RDSF)နှင့်အညီ ရေးဆွဲခဲ့သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏ ဘက်စုံစွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်(၂၀၁၄-၂၀၁၈)(Comprehensive Capacity Development Plan-2014-2018)ပါ လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အား ၂၀၁၅ ခုနှစ်မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်၏ ရန်ပုံငွေလျာထားမှုဆိုင်ရာမူဝါဒတွင် Top-down Budgeting and Bottom-up Planning စနစ်အား လက်တွေ့ကျင့်သုံးဆောင်ရွက်လျက်ရှိရာ ပြည်သူ လူထုပူးပေါင်းပါဝင်ဆောင်ရွက်သည့် Bottom-up Planning Process အား အလွှာအသီးသီး၌ လည်ပတ်ဆောင်ရွက် နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာစနစ်များ ထူထောင် ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။ ယင်းလိုအပ်ချက်ဖြစ်သည့် Bottom-up Planning and Budgeting Process အား အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

စီမံကိန်းရည်ရွယ်ချက်

(၁) ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဉီးစားပေး အစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊

(၂) ကျေးရွာများ၏ ဉီးစားပေးစီမံချက်များအပေါ် အခြေခံ၍နှစ်စဉ် ရန်ပုံငွေများလျာထားပြီး စီမံချက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊

(၃) ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် ဉီးစီးဌာနအသီးသီး၏ ဖွံ့ဖြိုး ရေးအစီအစဉ်များ နှင့် ချိတ်ဆက်နိုင်စေရန်၊

စီမံကိန်းအစိတ်အပိုင်းများ

(၁) ကျေးရွာ၏ ကဏ္ဍအသီးသီး၏ လက်ရှိအခြေအနေအား ဆန်းစစ်ခြင်း/သုံးသပ်ခြင်း

(၂) လိုအပ်သောဉီးစားပေးလုပ်ငန်းများအားသတ်မှတ်ခြင်း

(၃) အစီအစဉ်ရေးဆွဲခြင်း နှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

(၄) ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များအား မြို့နယ်ဖွံ့ဖြိုးရေးအစီအစဉ်များနှင့်ချိတ်ဆက်ပေါင်းစပ်ထည့်သွင်းခြင်း

(၅) ဖွံ့ဖြိုးရေးရလဒ်များအားစောင့်ကြည့်စစ်ဆေးခြင်း နှင့် အစီရင်ခံတင်ပြခြင်း​​​

ဆောင်ရွက်သည့်နည်းလမ်း

၂။   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား ပြည်သူဗဟိုပြု စနစ်ဖြင့် PRA Tools (Praticipatory Rural Appraisals Tools ) (ကျေးရွာလူထု၏ လူမှုစီးပွားဘဝ အခြေအနေမှန် ကိုဆန်းစစ်နည်း) အသုံးပြု၍ ကျေးရွာသယံဇာတပြ မြေပုံများရေးဆွဲခြင်း၊ ရာသီခွင်ပြ ပြက္ခဒိန ်ရေးဆွဲခြင်း၊ အဖွဲ့အစည်းချိတ်ဆက်ပြပုံ ရေးဆွဲခြင်း၊ ကိန်းဂဏန်း အချက်အလက်များ ကောက်ယူခြင်း၊ ရရှိလာသည့် ကိန်းဂဏန်း အချက်အလက်များဖြင့် (၄၈) ဇယား (48 Planning Tables)တည် ဆောက်ခြင်း၊ (၄၈)ဇယား 48 Planning Tables ကို ကဏ္ဍအလိုက် စိစစ် သုံးသပ်ပြီးကျေးရွာ၏ လိုအပ်ချက်ဖွံ့ဖြိုးရေး(စီမံချက်)လုပ်ငန်းများ ဖော်ထုတ်ခြင်း၊ ယင်းစီမံချက် (ဖွံ့ဖြိုးရေး) လုပ်ငန်းများကို ဦးစားပေး အစီအစဉ်အလိုက် နှစ်စဉ်ရန်ပုံငွေ ရှာဖွေ၍ ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လိုအပ်သည့် နည်းပညာအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီပံ့ပိုး ပေးမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ကျေးရွာထည့်ဝင်ငွေများ၊ အလှူရှင်များ၊ အစိုးရအဖွဲ့ အစည်းများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များ၏ ရန်ပုံငွေများဖြင့် ဆောင်ရွက်နိုင်ပါသည်။

ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်                                               

 (က)ရွာလူထုအစည်းအဝေးပြုလုပ်ခြင်း၊ 

 (ခ) ကိန်းဂဏန်းအချက်အလက်များကောက်ယူခြင်း၊ (အိမ်ထောင်စုအဆင့်၊ ကျေးရွာအဆင့်)

 (ဂ) ကျေးရွာသယံဇာတပြမြေပုံ၊ရာသီခွင်ပြပြက္ခဒိန်၊အဖွဲ့အစည်းချိတ်ဆက်ပြမြေပုံရေးဆွဲခြင်း၊ 

(ဃ) ကိန်းဂဏန်းအချက်အလက်များကို ဇယား(၄၈)ခုတွင် ဖြည့်သွင်းခြင်း၊

 (င)  ဦးတည်အုပ်စုများနှင့်ဝိုင်းဖွဲ့ဆွေးနွေးခြင်း၊

(စ)  ဖွံ့ဖြိုးရေးဇယားများအသုံးပြု၍ ကျေးရွာ၏ အခြေအနေကို ဆန်းစစ်သုံးသပ်ခြင်း၊

(ဆ) ကျေးရွာဖွံ့ဖြိုးရေးဗျူဟာအခြေပြဇယားရေးဆွဲခြင်း၊

(ဇ) ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များအဆင့်သတ်မှတ်ခြင်း၊      

(ဈ) နှစ်အလိုက်စီမံချက်များလျာထားခြင်း၊

(ည) နှစ်စဉ်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ်၊ (AVIP)

(ဋ)  ကျေးရွာစာအုပ်ရေးသားခြင်း။

စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် အခြေခံရမည့်မူများ

 (က) ဦးစီးဌာနရန်ပုံငွေအပြင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရရန်ပုံငွေနှင့်ကျေးရွာမှ ထည့်ဝင်    ငွေများဖြင့် ပေါင်းစပ်လိုသည့်ကျေးရွာများ၊

 (ခ) လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသည့် ကျေးရွာများ၊

 (ဂ) ရွာသူရွာသားများ၏ စိတ်ပါဝင်စားမှု၊ စည်းလုံးမှု၊ စိတ်အားထက်သန်မှုရှိသော ကျေးရွာများ၊

 (ဃ) ဖွံ့ဖြိုးရေးအမှန်တကယ်ဆောင်ရွက်လိုသည့် ကျေးရွာများ၊

 (င) မိမိမြို့နယ်အတွင်း အကျိုးခံစားရမည့် အိမ်ထောင်စုများသော ကျေးရွာများ၊ 

 (စ) ဦးစားပေးအနေဖြင့် အိမ်ခြေ(၅၀)နှင့်အထက်ရှိသော ကျေးရွာများ။

၃။      သို့ရာတွင် အထက်ပါစံနှုန်းတစ်ခုခုနှင့် ကိုက်ညီမှုမရှိသော်လည်း နိုင်ငံတော်အကြီးအကဲ၊ ပြည်ထောင်စုဝန်ကြီးရုံးအကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်ချက်၊ ဘေးသင့်ဒေသကျေးရွာနှင့် အထူးစီမံကိန်းများ(ဥပမာ− SMART VILLAGE) ဖြစ်မည်ဆိုပါက ချွင်းချက်အဖြစ်ဆောင်ရွက် ခွင့်ပြုနိုင်သည်။

၄။      ထို့အပြင် စီမံကိန်းဆောင်ရွက်ပြီးဖြစ်သော်လည်း အကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန် ချက်များ၊ အထူးစီမံကိန်းကျေးရွာများ၊ ဒေသလိုအပ်ချက်အရ ထပ်မံထောက်ပံ့ပေးရန်လိုအပ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ စိစစ်ခွင့်ပြုနိုင်ပြီး အနီးစပ်ဆုံး ဗဟိုကော်မတီ အစည်းအဝေး၌ မှတ်တမ်တင်ရမည်။

၅။      ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အထူးစီမံကိန်း ကျေးရွာမဟုတ်ပါက ကျေးရွာတစ်ရွာ၌ ဘဏ္ဍာရေးနှစ်တူအတွင်း နိုင်ငံတော်ရန်ပုံငွေဖြင့် ဦးစီး ဌာနမှ ဆောင်ရွက်သော စီမံကိန်းများ ကျေးရွာတူဆောင်ရွက်ခြင်းမပြုရပါ။

ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ                                        

၆။      ကျေးရွာမှဖော်ထုတ်ရရှိထားပြီး အများ သဘောတူ ဦးစားပေးအလိုက် ရွေးချယ်ထားသည့် စီမံချက်များ အနက်မှ ကျေးရွာအတွက် အမှန် တကယ် လိုအပ်လျက်ရှိသည့် လုပ်ငန်းများကိုသာ ရွေးချယ်ဆောင်ရွက်ခြင်း၊ လိုအပ်သောအခြေခံအဆောက်အဦဆိုင်ရာများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း (လမ်း/ တံတား/ ရေ/ မီး/ပညာရေး/ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ/ စာကြည့်တိုက်/ ဘက်စုံသုံးခန်းမ) စသည်များ ဆောင်ရွက်နိုင်ပါသည်။

၇။     ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၅−၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃−၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၇)ခုရှိ မြို့နယ်(၂၈၆) မြို့နယ်မှ ကျေးရွာပေါင်း(၁၇၄၇၁) ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း(၁၉၅၀၃)ခုကို နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၈၁၁၁၀)သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ်(၄၉၈၆၁.၁၆၀)သန်း၊လွှတ်တော်ရန်ပုံငွေကျပ်(၇၈.၆၉၀)သန်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရန်ပုံငွေကျပ်(၃၄.၉)သန်း၊ မြစိမ်းရောင်အတိုးရငွေကျပ်(၁၉၅.၁၂၉)သန်း၊ စုစုပေါင်း ငွေကျပ်(၂၃၁၂၇၉.၈၇၉)သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

၈။     ၂၀၁၅−၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃−၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၁၇)ခုတွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်

လုပ်ငန်းအမျိုးအစား

အရေအတွက်

လမ်း၊ တံတား

၁၃၂၈၈

ရေပေးရေး

၂၆၀၈

မီးလင်းရေး

၁၀၁၄

ပညာရေး

၇၆၀

ကျန်းမာရေး

၈၀

ဘက်စုံသုံးခန်းမ

၁၂၃၄

စာကြည့်တိုက်

၅၄

အခြား

၄၆၅

 

စုစုပေါင်း

၁၉၅၀၃

စီမံကိန်းအကျိုးကျေးဇူးများ

၉။      ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲခြင်းဖြင့် အောက်ဖော်ပြပါ အကျိုး ကျေးဇူးများရရှိနိုင်ပါသည်။

(က)  ကျေးရွာ၏သတင်းအချက်အလက်များ စုစည်းခြင်းနှင့် အချက်အလက်များပေါ်မူတည်၍ ကျေးရွာ၏အခြေအနေမှန်ကို သိရှိနိုင်စေခြင်း၊

(ခ)   ကျေးရွာလူထုနှင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်တက်လာခြင်း၊ ဖြစ်ပေါ် လာသည့်အခက်အခဲများကို အတူတကွလက်တွဲပူးပေါင်း အဖြေရှာတက်လာခြင်းနှင့် အဖွဲ့ အစည်းစနစ်ဖြင့် ဆောင်ရွက်တက်လာခြင်း၊

(ဂ)   ကျေးလက်နေပြည်သူလူထုမှ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှုအားကောင်း လာစေခြင်း၊

(ဃ)  ကျေးရွာ၏ အခွင့်အလမ်းစိန်ခေါ်မှုများကို နည်းဗျူဟာနှင့် ဖြေရှင်းနည်းများအသုံးပြု၍ အခက်အခဲများကိုဖြေရှင်းနိုင်ပြီး ကျေးရွာ၏ အဓိကဦးစားပေးစီမံချက်များရေးဆွဲနိုင်စေခြင်း၊

(င)   ကျေးရွာဖွံ့ဖြိုးရေး အကူအညီများရှာဖွေရာတွင် လက်တွဲလိုသည့် ပြင်ပအဖွဲ့အစည်းများ အား ကျေးရွာဖွံ့ဖြိုးရေးစာအုပ်ဖြင့် ကျေးရွာ၏လက်ရှိအနေအထားကို စုံလင်စွာပြောပြ နိုင်စေခြင်း၊

(စ)   ကျေးရွာဖွံ့ဖြိုးရေးစာအုပ်ဖြင့် ကျေးရွာ၏အကြောင်းကို စုံလင်စွာပြောပြနိုင်စေခြင်း၊

(ဆ)  ကျေးရွာဖွံ့ဖြိုးရေးစာအုပ်အားအခြေခံ၍ မြို့နယ်အဆင့်အဖွဲ့အစည်းများက အဓိကလိုအပ် ချက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ ဆောင်ရွက်လာနိုင်ရုံသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ကျေးရွာများ အတွက် တိုးတက်ဆောင်ရွက်လာနိုင်ခြင်း၊

(ဇ)   အမျိုးသမီးများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမြင့်မားလာပြီး ကျား/မ တန်းတူညီမျှပါဝင် သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေခြင်း၊

စီမံကိန်းဆိုင်ရာအချက်အလက်များ

စီမံကိန်းခေါင်းစဉ်                        −        ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း

ရည်ရွယ်ချက်                             −       (၁)     ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ ၏ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင် စေရန်၊

                                                          (၂)      ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍နှစ်စဉ်ရန်ပုံငွေများလျာထားပြီးစီမံချက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊

                                                          (၃)     ကျေးရွာများမှထွက်ပေါ်လာသော စီမံချက်များ အား မြို့နယ်အဆင့်ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန်၊

ထောက်ပံ့သည့်အဖွဲ့အစည်း          −          နိုင်ငံတော်ထောက်ပံ့ငွေ

ထောက်ပံ့သည့်ပမာဏ                −        ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ငွေ၂၀၁၅-၂၀၁၆ခုမှ၂၀၁၆-၂၀၁၇ခုဘဏ္ဍာရေးနှစ်အထိကျပ်(၅)သန်း၊၂၀၁၇-၂၀၁၈ခုမှ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အထိ ကျပ်(၁၀)သန်း၊

                                                           ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ကျပ်(၁၅)သန်း၊

စီမံကိန်းကာလ                           −        (၂၀၁၅−၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ဆောင်ရွက်သည့်နေရာ                −         တိုင်းဒေသကြီး/ပြည်နယ်အားလုံးရှိ မြို့နယ်ပေါင်း(၂၈၆)မြို့နယ်၊ စီမံချက်ရေးဆွဲသည့်ကျေးရွာပေါင်း(၂၀၇၇၄)ရွာ၊  ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရွက်သည့် 

အကောင်အထည်ဖော်ဆောင်                   ကျေးရွာပေါင်း(၁၇၄၇၁)ရွာ  (၂၀၁၅−၂၀၁၆ခု၊မှ ၂၀၂၃−၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်ထိ)

ရွက်သည့်ကျေးရွာ                 

အကျိုးကျေးဇူးရရှိသူများ           −       စီမံကိန်းကျေးရွာရှိ ကျေးလက်နေပြည်သူများအားလုံး

ချဉ်းကပ်သည့်ပုံစံ                      −        ကျေးရွာလူထု၏ လူမူ့စီးပွားဘဝအခြေအနေကို ဆန်းစစ်ခြင်းနည်းလမ်း

လုပ်ဆောင်ချက်များ                  −        ဦးစားပေး စီမံချက်များ ရေးဆွဲဖော်ထုတ်ခြင်းနှင့် လိုအပ်သော အခြေခံအဆောက်အဦ ဆိုင်ရာများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း(လမ်း/တံတား/ရေ/မီး/ပညာရေး/ 

                                                         ကျန်းမာရေးဆိုင်ရာအဆောက်အအုံ/ စာကြည့်တိုက်/ ဘက်စုံသုံးခန်းမ)

အကျိုးကျေးဇူး/ရလာဒ်              −       (၁)     ကျေးရွာသူ/ ကျေးရွာသားများသည် မိမိ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဖော် ထုတ်လာနိုင်ခြင်း၊

                                                        (၂)      နှစ်အလိုက်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာ လူထုမှအခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှု များ ရယူသုံးစွဲလာနိုင်ခြင်း၊

                                                        (၃)     ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ပါ ဦးစားပေး လုပ်ငန်းများအား မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်း များတွင် ပေါင်းစပ်ထည့်သွင်းနိုင်ခြင်း၊

                                                        (၄)     ကျေးရွာသူ/သားများနှင့် ကျေးလက်ဦးစီး ဝန်ထမ်းများ၏ လူထုပူးပေါင်းပါဝင်သည့် စီမံကိန်း ရေးဆွဲခြင်း စွမ်းဆောင်ရည်မြင့်မားလာခြင်း၊

                                                        (၅)     ဒေသခံများနှင့် အလွှာအသီးသီးရှိ ဌာနဆိုင်ရာ များအချင်းချင်းနှင့် အကြားပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှု ဆိုင်ရာစနစ်တစ်ခု လက်တွေ့ ဖြစ်တည်လာခြင်း။

ပူးပေါင်းဆောင်ရွက်သည့်        −           ရုံးအမှတ်(၃၆)(ခ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အဖွဲ့အစည်းများ၏လိပ်စာ