You are here

VDP မိတ်ဆက်

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း (VDP) သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက စတင်အကောင်အထည်ဖော်နေသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ လူထုဗဟိုပြုကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းစဉ် အကောင်အထည်ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး  ၂၀၁၅ခုနှစ် အစောပိုင်းကာလက စတင်အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။ မိမိတို့နေထိုင်သော ကျေးရွာများဖွံ့ဖြိုးလာစေရေး အလေးပေးလုပ်ဆောင်ရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို လူထုကိုယ်တိုင်ပါဝင်ကာ ဆန်းစစ်ဖော်ထုတ်ပြီး လိုအပ်သောရန်ပုံငွေများရှာဖွေ၍ အကောင်အထည်ဖော်ဆောင်ရွက်တတ်သောအလေ့အထများ ပိုမိုအားကောင်းလာစေရန်လည်း ရည်ရွယ်ပါသည်။

VDP မူဘောင်တွင် လုပ်ဆောင်ရန်အဆင့်နှစ်ခု ပါဝင်ပါသည်။ ပထမ တစ်ခုသည် “ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan)” ဖြစ်ပြီး ၎င်းတွင် ကျေးရွာလူထု၏ လူမှုစီးပွားအခြေအနေနှင့် ကာလလတ် (ငါးနှစ်တာကာလ) ဖွံ့ဖြိုးရေးမူဘောင် တစ်ခုပါဝင်ပါမည်။ ၎င်း VDP ကို ကျေးရွာ၏ လူမှုစီးပွားအချက်အလက်များပါရှိသော ဖွံ့ဖြိုးရေးအထောက်အကူပြုဇယား (၄၈)ခုကို အခြေခံကာ ပြုစုခြင်းဖြစ်ပါသည်။ ဒုတိယတစ်ခုမှာ “နှစ်စဉ်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအဆိုပြုခြင်းအစီအစဉ် (AVIP)” ဖြစ်ပြီး ရေးဆွဲထားသော “ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း”ကို လက်တွေ့အကောင်အထည်ဖော်ဆောင်မည့်အဆင့် ဖြစ်ပါသည်။ ဤဒုတိယအဆင့်ကို ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ကျေးရွာလူထု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဆင်းရဲမှုလျော့ကျစေရေး တို့ကို ပံ့ပိုးအားဖြည့်ပေးသကဲ့သို့ ဖြစ်ပါသည်။ “နှစ်စဉ်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအဆိုပြုခြင်းအစီအစဉ် (AVIP)” သည် နှစ်အလိုက်ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံတော်ဘဏ္ဍာရေး စက်ဝန်းနှင့်အညီ နှစ်တစ်နှစ်၏ စက်တင်ဘာလတိုင်းတွင် ဆောင်ရွက်ရန်ဖြစ်ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် VDP လုပ်ငန်းစဉ်ကို တိုးချဲ့ ဆောင်ရွက်လျှက်ရှိရာ ၂၀၁၇ စက်တင်ဘာလတွင် ကျေးလက်မြို့နယ် ၂၉၈မြို့နယ် အနက်မှာ ၂၉မြို့နယ်ရှိ ကျေးရွာပေါင်း ၅၃၀၀ ကို ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ “ပြည်သူအစပြုသည့် ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းနှင့် ရန်ပုံငွေလျာထားခြင်း လုပ်ငန်းစဉ်” အလေ့အကျင့်ဖြစ်လာစေရန် ရည်ရွယ်ပြီး ကျေးရွာများက ရေးဆွဲထားသော ကျေးရွာစီမံကိန်းများ (VDP) ကို သက်ဆိုင်ရာ မြို့နယ်အဆင့်တွင် ပေါင်းစပ်ညှိုနှိုင်း စုစည်းထားပါသည်။ ကျေးလက်ပြည်သူလူထုက ပြုစုတင်ပြထားသော “နှစ်စဉ်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအဆိုပြုခြင်းအစီအစဉ် (AVIP)” ကိုလည်း မြို့နယ်အဆင့်တွင်စုစည်းကာ သက်ဆိုင်ရာဌာနဆိုင်ရာများက ၎င်းတို့၏ မူဝါဒနှင့် ကိုက်ညီမှုရှိမရှိ၊ မြေပြင်တွင်အမှန်တကယ်လိုအပ်မှုရှိမရှိ စနစ်တကျ စစ်ဆေးသုံးသပ်ကာ ဌာနဆိုင်ရာ ရသုံးခန့်မှန်းချေ ပြင်ဆင်ရာတွင် ထည့်သွင်းလျာထားပါသည်။

အင်တာနက်ကွန်ယက်စနစ်သုံး VDP ​ဒေတာဘေ့စ်တွင် ဒေတာဘေ့စ် အမျိုးအစားနှစ်ခုပါဝင်ပါသည်။ တစ်ခုမှာ မြို့နယ်အဆင့် ကျေးလက်လူမှုစီးပွားအချက်အလက်များကို စုစည်းဖော်ပြထားသော “ဖွံ့ဖြိုးရေးအထောက်အကူပြု ဇယား ၄၈ခု” နှင့် အခြားတစ်ခုမှာ “ကျေးရွာအဆိုပြု VDP စီမံချက်များ” ဖြစ်ပါသည်။